Local News

မြန်မာ့လက်ဖက်ခြောက်များအတွက် ဂျာမနီဈေးကွက် ဝင်ရောက်နိုင်မည့် အလားအလာကောင်းများရှိ

Last Updated:

ဂျာမနီနိုင်ငံသည် အီးယူဒေသတွင် ဒုတိယအကြီးဆုံး လက်ဖက်ခြောက်တင်သွင်းသူနှင့် ပြုပြင်ပြီး ပြန်လည်တင်ပို့သူအနေနှင့် ထိပ်ဆုံးအဆင့်တွင် ရှိပါသည်။ ဂျာမနီနိုင်ငံရှိ ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သော ဟမ်းဘတ်မြို့သည် Tea Capital အဖြစ် ကျော်ကြားမှုရှိပြီး လက်ဖက် ခြောက် ကုန်သွယ်မှု ပြုလုပ်သော ကုမ္ပဏီများ၊ ဓာတ်ခွဲခန်းများကဲ့သို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ၊ German Tea Association တို့ တည်ရှိရာ မြို့လည်း ဖြစ်ပါသည်။

ဂျာမနီနိုင်ငံသည် တင်သွင်းသည့် လက်ဖက်ခြောက်များကို ပြည်တွင်းစားသုံးမှုနှင့် နိုင်ငံပေါင်း (၁၀၀) ကျော်ကို ပြန်လည်တင်ပို့မှုများ ပြုလုပ်လျှက် ရှိရာ ပို့ကုန်၏ ၆၅ ရာခိုင်နှုန်း သည် အီးယူနိုင်ငံများသို့ တင်ပို့လျှက် ရှိပါသည်။ ဂျာမနီနိုင်ငံတွင် အများအားဖြင့် Green Tea နှင့် Black Tea ကို သောက်သုံးလေ့ရှိကြပြီး ၂၀၂၀ ခုနှစ်အတွင်း လူတစ်ဦးလျှင် ပျမ်းမျှ ၂၈ လီတာ သောက်သုံးမှု ရှိခဲ့ပါသည်။ ဂျာမန်ပြည်သူများက Black Tea ကို ပိုမိုနှစ်သက်သောက်သုံးမှုရှိကြပြီး သဘာဝဆေးဘက်ဝင် အပင်များ၊ သစ်သီးများမှ ထုတ်ယူရရှိသည်များကို ပေါင်းစပ်၍လည်း ကျန်းမာရေးအတွက် အဓိကထား၍ သောက်သုံးလာကြပါသည်။

Speciality Tea များကိုလည်း အရည်အသွေးမြင့်မားပြီး ထူးခြားကောင်းမွန်သော အနံ့ အရသာရှိသည့် လက်ဖက်ခြောက်များအဖြစ် ဂျာမန်ကုမ္ပဏီ များက ဦးတည်တင်သွင်းလာကြပြီး ဈေးကွက်တွင် ရွေးချယ်သောက်သုံးလာကြပါသည်။ ယခုအခါ စားသုံးသူများက ကော်ဖီအစား လက်ဖက်ခြောက် သောက်သုံးမှုများကို ပိုမိုစိတ်ဝင်စားလာကြပါသည်။ Speciality Tea များ အတွက် အော်ဂဲနစ်လက်မှတ်ရရှိရန် အရေးပါပြီး Fair Trade Certificate သည်လည်း ဈေးကွက် လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ ဂျာမနီနိုင်ငံသည် အီးယူဒေသတွင် Speciality Tea များအတွက် အရေးပါသော ဝင်ပေါက် တစ်ခုလည်း ဖြစ်ပါသည်။

German Tea and Herbal Infusions Association ကို German Tea Association နှင့် Herbal Infusions Association နှစ်ခုအား ပေါင်းစည်း၍ ၂၀၂၀ ခုနှစ်မှ စတင်၍ အသင်းအဖွဲ့ တစ်ခုတည်းအဖြစ် ပေါင်းစည်းဆောင်ရွက်ထားရှိပါသည်။ မြန်မာနိုင်ငံမှ လက်ဖက်ခြောက်များကို ဂျာမန်ကုမ္ပဏီများဖြစ်သည့် Teegschwendner Company နှင့် Chardo Company ကုမ္ပဏီများက  ဝယ်ယူတင်သွင်းလျက်ရှိပါသည်။ ယခုအခါ မြန်မာ Fermented Tea ထုတ်ကုန်များကို ဂျာမန် အွန်လိုင်းဈေးကွက် (www.teafood.de) တွင် ရောင်းချလာခြင်းများ ရှိလာပြီး  အခြားမြန်မာ လက်ဖက်ကုမ္ပဏီများကလည်း ဂျာမန်လက်လီဈေးကွက်နှင့် အွန်လိုင်းဈေးကွက်တို့တွင် ကျယ် ပြန့်စွာ ဝင်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်ထုတ်ကုန်များသည် Speciality Tea အဆင့်မီထုတ်ကုန်များဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များ အနေနှင့် ဈေးကွက်ဝယ်လိုအားရှိသည့် ဂျာမနီနှင့်ဥရောပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

သတင်းရင်းမြစ်။ စီးပွားရေးသံမှူး၊ ဘာလင်မြို့

Category: Local News